ပြိုလဲသွားတဲ့ စိတ်ဓာတ်ကို ဘယ်လို ပြန်လည်တည်ဆောက်မလဲ
ကျောက်ဆောင်တွေလို မာကျောပါတယ်ဆိုတဲ့ လူ့စိတ်ဓာတ်ဟာလည်း အမြဲလိုလို တိုက်စားခံရရင်တော့ နဲ့ပါးလာတတ်တာ သဘာဝပါပဲ။ လူ့လောကဆိုတာလည်း ရုပ်ရှင်ထဲကလို ပန်းခင်းတဲ့လမ်းလေးမဟုတ်တဲ့အတွက် အခက်အခဲပြဿနာတွေ၊ လောကဓံတွေ၊ အရှုပ်အထွေး၊ အတိုက်အခိုက်တွေအပြင် ကျရှုံးမှုပေါင်းများစွာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
စိတ်ဓာတ်ပြိုလဲသွားတဲ့အခါ ဘာတွေဆက်ဖြစ်နိုင်လဲ?
လူတွေရဲ့ ရှေ့ဆက်လိုစိတ်၊ ကြိုးစားလိုစိတ်ကို ဖြစ်စေတာ စိတ်ဓာတ်ကြောင့်ပါပဲ။ ဒီစိတ်ဓာတ်က ပြိုလဲသွားပြီဆိုရင် -
- အနာဂတ်ပန်းတိုင်တွေ ပျောက်ဆုံးသွားပြီး ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတော့ဘဲ လမ်းပျောက်သွားနိုင်တယ်။
- အမြဲလိုလို ဝင်လာမယ့် စိတ်ဖိစီးမှုတွေဟာ ပြိုလဲနေတဲ့ စိတ်ဓာတ်တံတိုင်းကို အလွယ်တကူ ချိုးဖျက်ပြီး ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။
- စိတ်ဓာတ်ပြိုလဲသွားတာနဲ့အမျှ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ လူမှုရေးနယ်ပယ်နဲ့ အလုပ်ခွင်မှာပါ အခက်အခဲတွေ ပိုဖြစ်လာနိုင်ပါတယ်။
- စိတ်အဆင်မပြေတဲ့အခါ ချစ်ရသူတွေအနားကနေ ဝေးရာမှာ တစ်ယောက်တည်းနေလိုစိတ်တွေ ဖြစ်လာမယ်၊ လူတွေနဲ့ဝေးသွားပြီဆိုရင် စိတ်ရဲ့လုံခြုံမှုကလည်း နည်းသွားသထက် နည်းသွားနိုင်ပါတယ်။
- လမ်းပျောက်လာလေ၊ စိတ်ကအမှောင်ဖုံးလေဖြစ်လာပြီး သူ့နောက်မှာဝင်လာတဲ့ စိတ်ဖိစီးမှုပေါင်းစုံကြောင့် အသက်ဆက်ရှင်လိုစိတ်တွေ နည်းလာပြီး သေကြောင်းကြံစည်ဖို့အထိပါ ဖြစ်လာနိုင်ပါတယ်။
ဒါကို သက်သာအောင် ဘယ်လိုလုပ်နိုင်မလဲ?
၁။ ချစ်ရသူတွေထံ ရင်ဖွင့်တိုင်ပင်ပါ။
“ငါခံစားနေရတာတွေ တခြားသူသိလည်း ဘာမှမကူညီနိုင်ပါဘူး၊ နာကျင်တာတွေမှန်သမျှ မျိုသိပ်ထားလိုက်မယ်” ဆိုတဲ့အတွေးက စိတ်ဓာတ်ပြိုလဲသူတွေမှာ မကြာခဏတွေ့ရတတ်တဲ့ တွေးခေါ်မှုပုံစံဖြစ်သလို ဒီအတွေးတွေကြောင့်ပဲ ကိုယ့်ရဲ့စိတ်ကျန်းမာရေးက ပိုဆိုးရွားလာနိုင်တာပဲဖြစ်ပါတယ်။ တတ်နိုင်သလောက် စိတ်ဓာတ်လဲကျနေချိန်မှာ တခြားသူတွေကို ရင်ဖွင့်ပါ၊ စကားပြောပေးပါ၊ တိုင်ပင်ပါ၊ နောက်ဆုံး ကိုယ်ဖြစ်နေတဲ့ပြဿနာကို မကူညီပေးနိုင်ရင်တောင် ရင်ဖွင့်တိုင်ပင်ခြင်းက ကိုယ့်ရဲ့ဝေဒနာကို အနည်းငယ် ပေါ့ပါးသွားစေနိုင်ပါတယ်။
၂။ ပုံမှန်လုပ်နေကျ Lifestyle နဲ့ Routine တွေကို မပြောင်းလဲလိုက်ပါနဲ့။
စိတ်ညစ်နေတယ်ဆိုပေမယ့်လည်း ကိုယ့်ဘဝမှာ နေသားကျအောင် နေနိုင်ဖို့နဲ့ ဒီစိတ်ညစ်တာကို ထပ်မဆိုးရွားအောင်ထိန်းဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်တစ်နေ့တာမှာ ပုံမှန်လုပ်နေကျ စာပေလေ့လာတာ၊ အလုပ်လုပ်တာ၊ ဝါသနာပါရာတွေကို လက်ရည်တက်အောင်သွေးပေးတာ၊ Gym ကစားတာ၊ ကျန်းမာရေးဂရုစိုက်တာ၊ အစာအာဟာရ စုံလင်အောင် စားသုံးပေးတာ၊ ပုံမှန်အိပ်စက်အနားယူတာ စတဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုံးဝမမေ့လိုက်ပါနဲ့ခင်ဗျာ။
၃။ ဘဝရဲ့ အနက်အဓိပ္ပါယ်တွေကို ပြန်ဖော်ထုတ်ပါ။
မတူညီတဲ့ ဘဝပေါင်းစုံမှာ ကျင်လည်လာခဲ့ရတဲ့သူတွေမှာ မတူညီတဲ့ ဘဝရည်မှန်းချက်ပန်းတိုင် ကိုယ်စီရှိကြမှာပါ။ အကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အိပ်မက်တွေ ပျက်စီးသွားခဲ့ရတယ်၊ ကိုယ့်ပန်းတိုင်တွေ နှောင့်နှေးသွားခဲ့ရတယ်၊ ကိုယ်ကြိုးစားနေတာတွေ ပြိုလဲသွားတယ်ဆိုရင်တောင် ကိုယ်အသက်ရှင်နေသ၍ ရောက်လာမယ့် မနက်ဖြန်တိုင်းမှာ အသစ်ကနေ အောင်မြင်တဲ့အထိ ပြန်စတင်နိုင်မှာပါ။ အဓိက ကိုယ်အသက်ရှင်နေရတဲ့ ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်တွေကို အမြဲရှာဖွေနေဖို့နဲ့ ဒါကိုရင်ထဲမှာ စွဲစွဲမြဲမြဲ မှတ်သားထားဖို့က အရေးအကြီးဆုံးပါပဲ။
၄။ စိတ်ကိုပေါ့ပေါ့ပါးပါးပဲ ထားပါ။
ကိုယ်ကြိုးစားနေတဲ့အရာက ပျက်စီးသွားတယ်ဆိုရင် ဘယ်သူမဆို စိတ်ညစ်မှာပါပဲ။ ဒါပေမယ့် ပြင်လို့မရဘူးဆိုရင် ဒါကိုပဲ တသသပူဆွေးတွေးနေတာက ကိုယ့်စိတ်ကို ညှင်းဆဲတာနဲ့ အတူတူပဲဖြစ်မှာပါ။ ဒီတော့ အတိတ်ကအမှားတွေကို သင်ခန်းစာယူရင်း ကိုယ့်စိတ်ကို အေးချမ်းနေအောင်၊ ပေါ့ပေါ့ပါးပါးပဲ ထားပေးပါ။ မလိုအပ်တာတွေကို အတွေးများရင်း ကိုယ့်စိတ်ကို ဖိစီးမခံပါနဲ့။ လိုအပ်လာရင် စိတ်ပြေလက်ပျောက်ဖြစ်အောင် ကိုယ့်အတွက် ပျော်ရွှင်စေမယ့်အရာတွေ၊ ကိုယ်ဝါသနာပါတာတွေ လုပ်ပေးပါ၊ ခရီးများများထွက်ပေးပါ၊ မိသားစု၊ ချစ်ရသူတွေနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်ပတ်ပေးပါ။ စိတ်အနည်ထိုင်သွားပြီဆိုမှ ကိုယ့်စိတ်ကိုပြန်လည်တည်ဆောက်ယူပေးပါ။
စိတ်ဓာတ်ပြိုလဲခြင်းဟာ စိတ်နဲ့ခန္ဓာကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်မှုပေါင်းများစွာ ဖြစ်စေနိုင်တဲ့အတွက် ကိုယ့်အတွက် ထိန်းချုပ်မရနိုင်ဘူးဆိုရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်